မန္တလေးနှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှကဗျာများ


မကြာခင်မှာမန္တလေးနှစ်၁၅၀ ပြည့်ကျရောက်တော့မှာဖြစ်ပါတယ်။
မန္တလေး နှစ်၁၅၀ အထိမ်းအမှတ် အတွက် ထုတ်ဝေတဲ့ ကဗျာစာအုပ်ကနေ၈ပုဒ် ရွေးချယ်တင်ပေးလိုက်တာပါ။
အဝေးရောက်သူများလည်း ကြိုဆိုရင်း ခံစားနိုင်ကြပါစေ။[ ဆက်ဖတ်ရန် +/- ]








ယခင်အခါ


*တန်ဆောင်းတော်ပြအိုးနဲ့
မြို့ရိုးမြင့်နီကြန်ကြန်
ကျုံးပတ်လို့ရံ။
မင်းမင့်တို့စံ၊ ခွန်ပေသည်မြို့ကျေး၊
*ခေါင်းလောင်းသံသာသာနဲ့
စည်ကြီးသံဝါဝါနဲ့
ယမန်ခါသည်လိုညှင်းတယ်
မင်းသံတဲ့လေး။
*ရွှေထီးကတဝါဝါ
ဝဲလက်ယာရွှေကျိုင်းနှင့်
သိုင်းဝင့်လို့လာ။
*ဝန်ရှင်တော်မဟာ
ပြည်ရွာလုံရေအေး
ရွှေဗောင်းတင်ဆင်ကာနဲ့
ရွှေဝေါ ညင်သာသာနဲ့
ယခင်ခါ သည်လိုခင်းတယ်
မင်းဟန်တဲ့လေး။
ဇော်ဂျီ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)






ဘောင်းဘီဝတ်-နာရီစင်


*ပြဿဒ်ဦးထုပ်နဲ့
ရှိုးထုတ်တဲ့ ရွှေမန်းသား။


*အကြောင်းညီလို့ကတော့
ဆောင်းအမီ-ဘောင်းဘီဝတ်ဖို့
အားထုတ်မယ်ဗျား။
ကိုငြိမ်း- မန္တလေး(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)






ဖီးနစ်မြို့


*၁၈၈၅-၁၉၄၈
အလံများ လွှင့်ဖူးခဲ့သလို
အလံများကျခဲ့။
*၁၈၈၅-၁၉၄၈
ဆည်းလည်းသံများသံခဲ့သလို
သေနတ်သံများညံခဲ့။
*ဒီမှာ
ရန်သူမျိုး ၅-ပါး ပြဇာတ်များ
ကပ်ကြီး ၃-ပါး အော်ပရာများ။
*ဒီမှာ
ညကို ကြယ်များပြန်လည်တပ်ဆင်ကာ
ပြာပုံထက်က အကြိမ်ကြိမ်ထ။
*ဘယ်တော့မှ ပါတော်မမူတဲ့စိတ်ဓာတ်က
ထီးဖြူကိုမိုး ပလ္လင်ကိုခံ။
*ဘယ်တော့မှ နေမဝင်တဲ့ချစ်စိတ်က
သိုင်းကိုဆွဲ ကျိုင်းကိုင်။
*သည်မြေ သည်ရေ သည်လေဟာ
ခန္ဓာကိုယ်ကိုလည်ပတ် သွေးအုပ်စုတစ်စု။
*သည်ဂုဏ်၊ သည်အဆင်း၊ သည်အချင်းဟာ
အသက်ရှူမှုအတွက် အကူကိရိယာ။
*ငရဲမှာလည်း ခံဖူးခဲ့သလို
နတ်ပြည်မှာလည်း စံဖူးခဲ့ရာ။
*အခု.....
သင့်တောင်ပံအတွက် ရွှေဆိုင်းတစ်ချပ်
အလွမ်းနဲ့ခတ်လို့ လှူဒါန်းလိုက်တယ်ဆိုပါစို့။
စံငြိမ်းဦး(မန္တလေးနှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)






မီသလောက် မန္တလေး


မြန်မာသက္ကရာဇ် ၁၇၃၁-နှစ်ဆိုရင်
မန္တလေးအနှစ် ၁၅၀-ဒင်ဒင်ပြည့်ပြီပေါ့။
အနှစ် ၁၅၀-ဆိုတာ ဘာမှမကြာပါလားရယ်လို့
အဆွေတော် ကဗျာဆရာမောင်ကြည်သာက ပြောကြားပေမယ့်
မန္တလေးမဟုတ်တဲ့ အကျွနုပ်အဖို့
မင်းတုန်းမင်းတရားလည်း မဖူးခဲ့ဖူးပါဘူး။
သီပေါမင်းတရားထံလည်း မခစားခဲ့ဖူးပါဘူး။
စုဖုရားလတ်နဲ့လည်း မငြင်းခုန်ခဲ့ဖူးပါဘူး။
ကနောင် တိုင်းတား ကင်းဝန် တို့နဲ့လည်း
တိုင်းရေးပြည်ရေး မဆွေးနွေးခဲ့ဖူးပါဘူး။
စလေဦးပုည၊ လှိုင်ထိပ်ထားတို့နဲ့လည်း
Any Way၊ ယူနီစန်ကဖေး မထိုင်ခဲ့ဖူးပါဘူး။
သူတို့အကြောင်းတွေကိုတော့ စာထဲမှာသာဖတ်ရ
ဇာတ် အငြိမ့်တွေမှာသာ နောက်ပိုင်း အော်ပရာအနေနဲ့သာ
ရာဇဝင်အူပေါက် ကပြတတ်တာလောက်ပဲ သိခဲ့ရတာပါ။
ကျွန်ုပ်သိခဲ့တာက ၁၉၈၀-နောက်ပိုင်း
မန္တလေးရဲ့သမိုင်းပါ။
ဒုတိယ မြနန်းစံကျော်ရွှေနန်းတော်ကြီးလည်း
ပေါ်ပေါက်လာပြီ။
မြေကျုံးက အုတ်ကျုံးဖြစ်သွားပြီ။
၁၂-ရုံးဈေးချိုတော်က
၅-ထပ် ၆-ထပ် အဆင့်မြင့်ဈေးချိုဖြစ်သွားပြီ။
၂-ထပ်တဲ့ မပိုတဲ့ တိုက်တွေအကြား
၇-ထပ် ၈-ထပ် ၉-ထပ် မိုးမျှော်တိုက်တွေပေါ်လာပြီး
ကွက်လပ်တွေအစား
ပန်းခြံတွေ၊ ကစားကွင်းတွေ၊ တိရိစ္ဆာန်ရုံနဲ့ တိုက်တာတွေပေါ်လာပြီး
တစ်လမ်းမောင်း၊ နှစ်လမ်းမောင်းတွေပေါ်မှာ
နောက်ဆုံးပေါ်ကားတွေ၊ ဆိုင်ကယ်တွေ၊ မတလတွေ
စက်ဘီးတွေ၊ ဆိုက္ကားတွေ၊ ချယ်ကာလီတွေ
စူပါမားကတ်ဈေးတွေပေါ်မှာ
ဈေးဝယ်နေကြတာက ဘောင်းဘီတိုဝတ်တွေ
စကတ်ဝတ်တွေ၊ သရီးစကွဲယားဝတ်တွေ
မန္တလေးမြို့ကြီးဟာ တစ်နေ့ထက်တစ်နေ့စည်ကား
တစ်နှစ်ထက်တစ်နှစ် တိုးတက်
နောင် အနှစ် ၅၀ မှ အနှစ်......၂၀၀ပြည့်ခဲ့ရင်
ဟုတ်ကဲ့........အကျွန်ုပ်သားကပဲ
မန္တလေးအကြောင်း ဆက်ရေးပါလိမ့်မယ်။
မင်းတင်ထွဏ်း(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)















အို......မဝေးဘူးရောက်လုပါပြီ


*မန္တလေးရွှေမြို့ တို့ရတနာပုံနေပြည်
တင့်တယ်သာယာစည်ကား ဟိုတုန်းအခါကလေ
လွမ်းတော်မူလို့ စာကိုစီတယ်......တိမ်နီ တိမ်ပြာ တိမ်ဝါတွေနဲ့
အုတ်ကျစ်ကျော်အေး မန္တလေး
အလှမ်းမဝေးဘူးကွဲ့ သွားရအောင်။
*ဆိုးတဲ့မိုက်တဲ့နေရာမှာ အတုမရှိဘူးလား
အတုမရှိကျောင်းတော်ကိုသွား၊
အကုသိုလ်အကျိုးပေးရာ မိုးလိုက်လို့ရွာပြီလား
ကုသိုလ်တော်ကိုသွား၊
ရွှေကောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်တဲ့လား
ရွှေကျောင်းကြီးကိုသွား၊
ရန်သူဝိုင်းထား ထိုသူအား လွတ်ရာလမ်းမတွေ့ဘူးလား
ရန်ကင်းတောင်တော်ဆီသွား၊
ရာဇဝင်ကို တုတ်ထမ်းပြီး မပြောချင်ဘူးတဲ့လား
ကျုံးနဲ့နန်းတော်ဆီသွား၊
အသက်ကလေးရယ်တဲ့ရှည်စေလို
မန်းတောင်ရိပ်ကို ခိုနိုင်ပြီလား။
*တစ်ချောင်းရွှေရယ် မြောင်းရေငယ်မှပတ်သန်း
တောင်စဉ်ငယ်ထပ်ဇရပ်တန်းနှင့်
လမ်းမတော်သာ သုဓမ္မာမှာ
ရှစ်ရပ်လမ်းအသွယ်သွယ်
ပဉ္စသင်္ဂါယနာတင်ခဲ့တယ်။
*ကောင်းကျိုးအထွေထွေကိုဆင်ခြင်
မုနိမြတ်စွာဘုရားကို ဦးတင်ခဲ့တယ်
မန်းလေးဌာနီ တိုင်းလေးရွှေပြည်
အို.........မဝေးဘူး ရောက်လုပါပြီ။
*နန္ဒာရေဝန်းရံခ ပတ်လည်သာ
ရွှေမန်းတောင်တော်သာ
အို........အို........အို...... ဆန်းပါလှ မြို့နန်းရွှေဝတိံသာ
သီချင်းတအေးအေးနဲ့
(ဝိဇ္ဇာလမ်းမဟုတ်ဘူး)
သိပ္ပံလမ်းကနေ တောင်ဘက်ကိုချိုးသွားတဲ့
စက်ဘီးအုပ်ထဲမှာ
လကမ္ဘာပေါ် ခြေချချင်တဲ့ မန္တလေးသားတစ်ယောက်
စိတ်ကူးတွေအတောင်ပေါက်ပြီး
မြို့သစ်ဆီ တောက်လျှောက်နင်းသွားတယ်။
*ငါတို့ မန္တလေးမှ ဟုတ်ရဲ့လား.......။
မောင်နီဦး(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)






၂၀၀၉ - မန္တလေး


မိုးထိအဆောက်အဦတွေက တိမ်ကိုနမ်းရှိုက်
နာရီစင် တဖြည်းဖြည်းပုဝင်သွား
မြေကြီးထဲ ကျွံကျ


ကောင်မလေးတွေ ပိုလှလာတယ်
မာကျူရီညတွေပိုပြီး သုခဘုံဆန်လာတယ်။


ပုလင်းသံ
ဖန်ခွက်သံ
ဇွန်းသံ၊ ခရင်းသံ
နှုတ်ခမ်းနီ
ပေါင်ဖြူဖြူ ဂါဝန်စကပ်
ဒေါက်ဖိနပ်ရောင်စုံ အကပြိုင်
ငွေနဲ့ဝယ်ယူလို့ရတဲ့ ပျော်ရွှင်မှုတွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ အချစ်တွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ ကိုယ်ကျင့်တရားတွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ လူ့ဂုဏ်သိက္ခာတွေ။
မာနမကြီးစမ်းပါနဲ့
အနုပညာဆိုတာကလည်း ငွေနဲ့လုပ်မှအဆင်ပြေတာ
ငွေနဲ့လုပ်တဲ့ အနုပညာမှလည်း
တန်ဖိုးထား အထင်ကြီးချင်ကြတာ။
အဲဒီအနုပညာဆိုတာကိုလည်း
လူကုံထန်တွေကပဲ နှစ်သက်ခံစားနိုင်ကြတာ။


လူတွေက ရိုဘော့စ်ဖြစ်
ရိုဘော့စ်တွေက လူဖြစ်
ဂလိုဘယ်လ် ကမ္ဘာခေတ်ကြီးထဲမှာ
ကဗျာရေးတဲ့ မြို့သစ်သားကဗျာဆရာတွေခမျာမတော့


အင်တာနက်၊ ဆိုက်ဘာ၊ အီးမေးလ်
ကာလပေါ် စကားလုံးတွေ စီးချင်းထိုးရင်း
အိမ်ရှင်မရဲ့ မျက်စောင်းဒဏ်
မရှုမလှခံနေကြရတယ်။
မောင်သင်းဝေ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)




MADE in MANDALAY


နန်းတော်ရှေ့ဆရာတင်
မြို့မငြိမ်း
အချုပ်တန်းဆရာဖေ
လူထုဒေါ်အမာ လူထုဦးလှ
Dr. သန်းထွန်း ဦးမောင်မောင်တင်
ဆရာခြုံ ပေါ်ဦးသက်
ရွှေဥဒေါင်း စိန်ဗေဒါ
ဦးရာဇာတ် ကိုဗဟိန်း
ဒေါ်မေရှင် ဘွားဦးဇွန်း
Dr. ထွန်းရွှေ MA ဒေါ်အုန်း
ရွှေမန်းတင်မောင် ဒေါ်သြဘာသောင်း
ရိုးဒီ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)






အနှစ် "၁၅၀"မှတ်တမ်း


*မြို့ရိုး နဲ့ ကျုံးရေပြင်
သမိုင်းတွင်တဲ့ စိတ်ဓာတ်။


*ခေတ်အဆက်ဆက် အလင်းရောင်နဲ့
ကုန်းဘောင်ပြဇာတ်။


သစ်နေ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)




ကဗျာများ

Posted on 1.5.09 by ChawEiMahn

စားခံလိုက်ရတဲ့ဘဝ
ဂိမ်းထဲက
ရုတ်တရက်ထွက်လာတဲ့
စက်သေနတ်နဲ့လူကြီးက
အိတ်ထောင်ထဲက
တစ်ထောင်တန်တွေကို
လှမ်းယူစားသွားတယ်......
Chat ထဲက
အမည်ဝှက် နတ်မိမယ်က
နှုတ်ခမ်းပါးလေးနဲ့
သားရေအိတ်ထဲက ခြင်္သေ့တွေကို
ကောက်ခါငင်ကာ ယူစားသွားတယ်...
ရပ်ကွက်ထဲက
ဆံပင်ရှည်ရှည်
ဘော်ဒီလှလှ မယ်မဒီလေးက
နေ့တိုင်းနေ့တိုင်း အလီတွေလာရွတ်ပြလို့
သေတ္တာထဲက အမေ့အသဲနှလုံးကိုပေးလိုက်ရတယ်......
လက်ဖက်ရည် မကြိုက်ပါဘူး
လုံးနေတဲ့ ဘောလုံးကြိုက်တာပါလို့
အားတက်သရော ပြောခဲ့မိပါမှ
အိမ်ပြန်လာတော့ ထိုင်စရာပါမလာတော့ဘူး
စီးတော်ယာဉ်လေး လက်ဖက်ရည်ဆိုင်ရှေ့
ငုတ်တုတ်ကျန်နေခဲ့တယ်........[ ဆက်ဖတ်ရန် +/- ]



စိတ်မပူနဲ့ကိုယ့်လူ
ဘယ်သူမှ မကယ်ရင်နေ
ကိုယ်ကယ်မယ်ဆိုပြီး
ဝတ်ဖြူစင်ကြယ်ကို
စုံလုံးပုံ.........ခြုံကိုဝင်တိုးလိုက်ခါမှ.....
ပြန်စရာအိမ်မရှိတော့တဲ့ဘဝ
ကဲ ဘာများကောင်းသေးလဲ
အမှန်တော့ ........
အစကနေအဆုံး
တကယ်မကောင်းခဲ့တာက
ကျွန်တော်ပါ........
ချောအိမာန်- မန္တလေး




အယ်ဒီတာတစ်ယောက်
မနက်ခင်းကတည်းက
ကိုယ့်ကိုယ်ကို
လမ်းပေါ်တွန်းချရ
ကားပေါ်တွန်းတင်ရ
လက်ရန်းမြင် ဆွဲတက်ရ
မမြည်ဘဲကြားရတဲ့ ဟွန်းသံနဲ့
အလိုအလျောက် ပေါက်ကွဲနေတဲ့အင်ဂျင်နဲ့။
နားထဲမှာ ဂျင်ခနဲ
ရင်ထဲမှာ ကျဉ်ခနဲ
လည်မျိုမှာ နင်ခနဲ
ဒီကနေ့လည်း
မနေ့ကနဲ့ တစ်ဘက်တစ်ဂိုးစီ။
နောက်ကောက်ကျသွားတဲ့ အလွမ်းလို
သုံးပွဲဆက်တိုက် ရှုံးရင်
နည်းပြပဲ အဆဲခံရတဲ့လောက
ကွင်းက စိမ်းစိမ်း, ပြာပြာ
သရဖူသာ အဓိကပြဿနာမှာ
ရင်ယားနေတဲ့ ကဗျာက
ရင်ထဲမှာပဲ မီးလောင်ကျတော့မယ်။
ချစ်တိုးနွယ် (2008 ဇန်န၀ါရီ ချယ်ရီမဂ္ဂဇင်း)



ဟွန်းသံကိုယ်စီ
အဝေးကြီးမတွေးနဲ့
ယင်နားသွားတာပဲ အဖတ်တင်မယ်
မင်းပေါ်ဖြတ်ပျံနေတဲ့ လေယာဉ်ပျံကဘယ်မှမရောက်ဘူး
ပြန်နေကျလမ်းတောင် ပိုဝေးလာသလိုထင်ရ
ကိုယ့်ဘဝကိုယ်မိပြီတဲ့လား
တစ်ယောက်တစ်မျိုးစီလို့ မပြောနဲ့
ကိုယ်နဲ့ပတ်သက်သမျှ တစ်မျိုးတစ်စားတည်းပဲ
ချစ်တာတောင် အဆဲခံရတယ်
ပျော်မိရင် ခေါင်းကိုက်မယ်
ယမ်းပုံမီးကျလိုက် ချုံးပွဲချလိုက်
အရှိန်ကို ကြောက်တတ်ရင် အချိန်ကိုလည်း ကြောက်ကြည့်လိုက်
ငါတို့ဟာ ဖြတ်လျှောက်ဘဝပဲ
ဇာတ်က စ, ပြီးသား။
အောင်ခိုင်မြတ် ( မဟေသီမဂ္ဂဇင်းမှ)




မအောင်မြင်ခဲ့တဲ့ကဗျာ
ရှာရာဂိုဗာက
တင်းနစ်ဝတ်စုံနဲ့။
စကားလက်ဂျိုဟန်ဆင်က
ပွဲတက်ဝတ်စုံနဲ့။
ချားလ်မင်းသားက
နန်းတက်ဝတ်စုံနဲ့။
ကမ္ဘာကြီးက
နျူကလီးယားအင်္ကျီ
ဆင်းရဲသားဘောင်းဘီ
အိပ်ခ်ျအိုင်ဗီ လက်ပတ်နာရီ
လောကဓံ တိုလီမိုလီ........နဲ့။
ငါ့ကဗျာမှာ
အဝတ်အစားပါရဲ့လား။
သုခမိန်လှိုင် ( Idea ..2006 April)




“လိပ်ပြာဝှက်သူ”

Posted on 1.4.09 by ChawEiMahn


ပြီးခဲ့တဲ့အတိတ်ကို
မေ့ပစ်လိုက်ပါလား
ပစ္စုပ္ပန်ထဲက ကမ္ဘာကြီးကို
မျက်မှန်စိမ်းတပ်ကြည့်မှာလား
ကိုယ်ရင်ထဲက အတ္တတွေရော
အမှန်မှမြင်ရဲ့လား . . .

မင်းကမဟုတ်ဘူး မဟုတ်ဘူးနဲ့
ကွယ်ရာကျမှ တစ်ယောက်တည်း
ဟုတ်ပါတယ်လို့
တတ်တိတ်ဝန်ခံနေတာ
ဘာလုပ်ဖို့လဲ. . . .

ပြောင်းလဲခြင်းတွေ တစ်နှစ်ပြီးတစ်နှစ်
ဒီရေတက်သလို မြန်ဆန်နေပေမယ့်
ငါနှလုံးသားက
မင်းရှိတဲ့တစ်နေရာတည်းကိုသာ
ကျေက်ဆူးချထားမိတာ
တကယ်တော့ ပုံပြင်ဇာတ်လမ်း မဟုတ်ပါဘူး. . .

မီးမောင်းတွေ ပတ်လည်ထိုးထားတဲ့
ငါရင်ခွင်မှာ
ကိုယ်တိုင်ပူခြင်းထက်
မဆိုင်သူတွေပူနေတာကို
သနားမိတယ်. . . .

ဒီနှစ်နွေမှာ
ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့
တစ်နှစ်တာရဲ့ အပြစ်တွေအတွက်
ဆေးကြောဖို့
သင်္ကြန်ရေတွေ လုံလောက်နေဦးမှာပါ. . . .

နှစ်တွေလည်းပြောင်း
ပိတောက်တွေလဲတုံး
ကျုံးရေလည်း ခန်းပြီဆိုရင်တော့
ချစ်သူရေ
တိတ်တိတ်လေး ကိုယ်ကိုလာကြည့်ပါ
ကိုယ်လိပ်ပြာကို လုံခြုံတဲ့
တစ်နေရာမှာတော့
သိုဝှက်သိမ်းဆည်းထားခဲ့ပါ့မယ် . . . ။


ချောအိမာန်(မန္တလေး)
“နန်းမြင့်” ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၀) မှ



“ကျေးဇူးတင်ရှိခြင်း”
(ဒီကဗျာလေးကိုကျွန်မရှာနေတာ။သင်္ကြန်အတွက်
အမှတ်တရအနေနဲ့ခုလိုတင်ခွင့်ရသွားတာကညီမလေး
ရတနာချိုရဲ့ဘလော့မှာဖော်ပြထားတာကြောင့်ပါ။
ရတနာကိုတော့ကျေးဇူးအထူးတင်ရမယ့်သူလေးပါ။

ရတနာရဲ့ဘလော့မှာသာလိပ်ပြာဝှက်သူကိုမတွေ့ခဲ့ရင်
ခုလိုကျွန်မဘလော့မှာမျှဝေခွင့်ရဖို့အတော်ခက်မှာပါ။

နှစ်ကူးအတာနဲ့အတူကျွန်မရဲ့လိပ်ပြာဝှက်သူကိုခံစား
ကြည့်ကြပါ။

ညီမလေးရတနာချိုလဲဘဝအတွက်အောင်မြင်မှု
တွေကိုကြိုးစားသလောက်ရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆန္ဒပြုပေး
တယ်နော်။

ညီမလေးရတနာဘယ်နေရာမှာရောက်နေနေ
အမြဲသတိရလျက်ပါ။

ကျွန်မဒီဘလော့လောကထဲစတင်ခြေချခွင့်ရအောင်
ကူညီပေးတဲ့သူအဖြစ်ညီမလေးရတနာချို
ကိုကျေးဇူးတင်အမှတ်ရလျက်ပါ....။)

0 comments:

Post a Comment